စည်းမျဉ်း-၁ (အသင်းကြီး၏အမည်နာမ)
- အသင်းကြီး၏အမည်နှင့် ပတ်သက်၍ မြန်မာအမည်အားဖြင့် “ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ လောက အသင်းကြီး” ဟု ခေါ်ဆိုကြရမည်။
- အင်္ဂလိပ်အမည်အားဖြင့် “ Lotus Foundation ” ဟုခေါ်ဆိုကြရမည်။
- အတိုကောက်အားဖြင့် “Lotus” ဟုခေါ်ဆိုနိုင်သည်။
- အသင်းကြီး၏ အမည်ပညတ် နှင့် အမှတ်တံဆိပ်၏ အသေးစိတ်အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ဆောင်ပုဒ် နှင့် ခံယူချက်များအား တွဲဖက်စာစဉ် ၁(က) တွင် ဖော်ပြထားသည်။
စည်းမျဉ်း-၂ (အသင်းကြီး၏ လမ်းစဉ်၊ ရည်မှန်းချက် နှင့် ပန်းတိုင်) (Mission, Vision & Core Value)
၂ - (က) ပန်းတိုင် နှင့် အနှစ်သာရ (Goal & Core Value)
လောကီ၊ လောကုတ္တရာ ဒုက္ခအပေါင်းမှ လွတ်မြောက် ငြိမ်းအေးစေရေး။
၂ - (ခ) ရည်မှန်းချက် (Vision)
“ စိတ်ဓါတ်၊ ကိုယ်ကျင့်၊ ပညာ ” ပြည့်ဝကောင်းမွန်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ထွန်းကားလာစေရေး။
၂ - (ဂ) လမ်းစဉ် (Mission)
စစ်မှန်သောထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး နှင့် လိုအပ်ချက်ကို အခြေခံသော ထိရောက်သည့် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်။
စည်းမျဉ်း- ၃ ( ဗဟိုအလုပ်အမှုဆောင်အဖွဲ့)

၃- (က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင် (၇)ဦး မှ (၁၁) ဦးအထိပါဝင်ဖွဲ့စည်း နိုင်သည်။
၃-(ခ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းသည် ၁ နှစ် (၁၂-လ) အဖြစ်သတ်မှတ်ထားရမည်။ နှစ်ပတ်လည်အစည်းအဝေး အထမမြောက်မချင်း (သို့) အလုပ်အမှုဆောင်အဖွဲ့ဝင်သစ်ကို ရွေးချယ်တင်မြှောက်မှု မပြီးမချင်း လက်ရှိ အရွေးချယ်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်က ဆက်လက်တာဝန်ထမ်းဆောင်ပေးရမည်။
(မှတ်ချက် ။ ။ ၎င်းဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်သစ်အား တစ်လအတွင်း ပြီးမြောက်အောင် ရွေးချယ်သွားရမည်။)
၃-(ဂ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့အသီးသီး၏ အဖွဲ့ခေါင်းဆောင်များဖြင့်သာ ပါဝင်ဖွဲ့စည်းရမည်။ ၎င်းဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ရွေးချယ်ရာတွင် အလုပ်အမှုဆောင်အဖွဲ့များ၏ ခေါင်းဆောင်များအား နှစ်ပတ်လည် အစည်းအဝေးတွင် အဆင့် (၂) ဆင့် ဖြင့် ရွေးချယ်တင်မြှောက်မည်။
၃-(ဂ-၁) မိမိကိုယ်တိုင် ဆန္ဒပြုခြင်း၊ မိမိကိုယ်တိုင် ၄င်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်ဖြစ်ကြောင်း ဆန္ဒပြုခြင်း။
၃-(ဂ-၂) အလုပ်အမှုဆောင်အဖွဲ့ဝင်များက ရွေးချယ်ခြင်း၊ သက်ဆိုင်ရာ မဲပေးပိုင်ခွင့် ရှိသော အသင်းဝင်များမှ ဆန္ဒပြုရွေးချယ်ခြင်း။
၃-(ဃ) အသင်းကြီးနှင့် သက်ဆိုင်သော လုပ်ငန်းရပ်များ၊ ပေါ်လစီများ၊ စည်းမျဉ်းများ၊ မူများနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း။
၃-(ဃ-၁) ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင်သာ ချမှတ်ရမည်။
၃-(ဃ-၂) ယင်းသို့ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ သဘောတူညီမှု (၅၀%) အထက်ရှိမှသာ အတည်ပြုနိုင်မည်။
၃-(ဃ-၃) အစည်းအဝေးမှတ်တမ်းများကို စာဖြင့်မှတ်တမ်းတင် ထားရှိရမည်။
၃-(ဃ-၄) အစည်းအဝေး ဆုံးဖြတ်ချက်မူများကို အစည်းအဝေးပြင်ပတွင် ပြင်ဆင်ဖြည့်စွက်ခြင်းများ မပြုလုပ်ရ။ ဖြည့်စွက်ပြင်ဆင်ခြင်းများကို ပြုလုပ်လိုလျှင် အစည်းအဝေးထပ်မံ ခေါ်ယူခြင်း သို့မဟုတ် ယင်းဆုံးဖြတ်ချက်ချမှတ်ခဲ့သော အစည်းအဝေးတွင် တက်ရောက် ဆုံးဖြတ် ချက်ချသူများ အားလုံးထံမှ ပြင်ဆင် ဖြည့်စွက်ချက်များအပေါ် တစ်နည်းနည်းဖြင့် သဘောတူညီမှု ရယူရပါမည်။
၃-(ဃ-၅) နိုင်ငံတကာ LOTUS အဖွဲ့များ၏ ဆက်သွယ်မှုကွန်ယက်
အသင်းကြီးနှင့် သက်ဆိုင်သော စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ရာ၌ နိုင်ငံတကာရှိ LOTUS အဖွဲ့အသီးသီးအနေဖြင့် ဗဟို LOTUS FOUNDATION (SINGAPORE) ၏သဘောတူညီမှုရယူကာ အသင်းကြီး၏ [Mission, Vision, Goal] “လမ်းစဉ်၊ ရည်မှန်းချက်၊ ပန်းတိုင်” နှင့်အညီ ဆောင်ရွက်သွားရပါမည်။
၃-(င) အသင်းကြီး၏ အလှူငွေ နှင့် ရန်ပုံငွေများ ရှာဖွေခြင်း
၃-(င-၁) အသင်းကြီး၏ အလှူငွေနှင့်ရန်ပုံငွေများ ရှာဖွေရာတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး၌ သဘောတူ အတည်ပြုချက်ရယူ၍ ဒေသဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ တရားမျှတသော နည်းလမ်းများဖြင့် ရှာဖွေရမည်။
၃-(င-၂) ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့မှ တင်ပြလာသော အလှူငွေ နှင့် ရန်ပုံငွေ ရှာဖွေရေးလုပ်ငန်းများတွင် ညှိနှိုင်း၍ အတူတကွ လုပ်ဆောင်သွားရမည်။
၃-(စ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ပြောရေးဆိုခွင့်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် အလျဉ်းသင့်သလို သတင်းနှင့်စာနယ်ဇင်းများ၊ ပြင်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရှိရမည်။
၃-(ဆ) ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ဘဏ္ဍာရေးဆိုင်ရာ စည်းမျည်းစည်းကမ်းများ
အသင်းကြီး၏ကိုယ်စား မိမိအနေဖြင့် အသင်းကြီး၏ရံပုံငွေ အပါအဝင် ငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရာ၌ တွဲဖက်စာစဉ် ၃-(ဆ-၁) ပါ စည်းကမ်းချက်များ အတိုင်း လိုက်နာဆောင်ရွက်သွားရမည်ဖြစ်သည်။
အသင်းကြီး၏ရံပုံငွေ အပါအဝင် ငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရာ၌ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်း နှင့် လုပ်ငန်းစဉ်များကို တွဲဖက်စာစဉ် ၃-(ဆ-၁) တွင်ဖော်ပြထားပါသည်။
စည်းမျဉ်း-၄ (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အသီးသီး၏ တာဝန်ဝတ္တရားများနှင့် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ)
၎-(က) ဘာသာ၊ သာသနာရေးရာ အလုပ်အမှုဆောင်အဖွဲ့ (Religious Committee)
“စစ်မှန်သော ထေရဝါဒဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်” ဖြစ်သည်။ တရားဓမ္မစာပေများနှင့် ပညာပေးစာပေများ ဖြန့်ဝေရာတွင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၏ အတည်ပြုချက်ရယူကာ ကမ္ဘာ့ကွန်ယက် ဆက်သွယ်မှုအဖွဲ့ (Web Development Committee)၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ (Communication & Information Committee) များနှင့် လက်တွဲလုပ်ကိုင် ဆောင်ရွက်ရမည်။
(မှတ်ချက်။ ။မြင့်မြတ်သော သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်နေသည်နှင့်အညီ အသင်းကြီး၏သြဝါဒစရိယ ဆရာတော်ကြီးများ၏ ဆုံးမသြဝါဒလမ်းညွှန်ပေးမှုများကို အလေးအနက်ထားကာ လုပ်ဆောင်သွားကြရမည်။)
၎-(ခ) လောကရေးရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Social Development Committee)
၎-(ခ-၁) လိုအပ်ချက်ကို အခြေခံသည့်လူမှု အကျိုးပြုလုပ်ငန်းများ ၄င်းအဖွဲ့မှ ဆောင်ရွက်ရန်ဖြစ်သည်။
၎-(ခ-၂) ပညာရေး၊ ကျန်းမာရေး၊ အသက်ရှင်နေထိုင်ရေးနှင့် ခိုကိုးရာမဲ့ နေသူများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်။
၎-(ဂ) ဘဏ္ဍာရေးနှင့်ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ (Finance & Fund Raising Committee)
၎-(ဂ-၁) ၄င်းအဖွဲ့မှ အသင်းကြီး၏ ရံပုံငွေနှင့် အသုံးစရိတ်စာရင်းရှင်းတမ်းများကို ၃လ တစ်ကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတည်ပြုချက်ဖြင့် အလုပ်အမှုဆောင်အဖွဲ့ အသီးသီးသို့ ထုတ်ပြန်ရမည်။
၎-(ဂ-၂) နှစ်စဉ်စာရင်းရှင်းတမ်းအား နှစ်ပတ်လည် အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ရမည်။
၎-(ဃ) စာရင်းစစ်အဖွဲ့ (Auditing Committee)
ဘဏ္ဍာရေးဆိုင်ရာ စာရင်းရှင်းတမ်းများနှင့် အသုံးစရိတ်အသေးစိတ် အထောက်အထား များကို စာရင်းစစ်အဖွဲ့မှ
၎-(ဃ-၁) ၃လတစ်ကြိမ် စာရင်းရှင်းတမ်းအား ဦးဆောင်တာဝန်ယူ စစ်ဆေးရမည်။
၎-(ဃ-၂) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လိုအပ်ချက်အရ တောင်းဆိုသောအခါ စစ်ဆေးပေးရမည်။
၎-(ဃ-၃) လိုအပ်ချက်အရ စစ်ဆေးလိုပါက အလုပ်အမှုဆောင်အဖွဲ့၏ အတည်ပြုချက်ဖြင့် စစ်ဆေးနိုင်သည်။
၎-(င) သတင်းနှင့်ပြန်ကြားရေးအဖွဲ့ (Communication & Information Committee)
၎-(င-၁) အသင်းကြီးအတွင်း သတင်းအချက်အလက်များ ရယူပေးပို့ခြင်းဆိုင်ရာ လုပ်ငန်း တာဝန်များကို ဦးစီးတာဝန်ယူဆောင်ရွက်ရမည်။
၎-(င-၂) အသင်းကြီး၏ သတင်းအချက်အလက်များနှင့် ပြင်ပမှ သတင်းအချက်အလက် များအား အသင်းကြီး၏ အတည်ပြုချက်ဖြင့်သာ အသင်းကြီးကိုယ်စား ထုတ်ပြန်ရမည်။
၎-(စ) ကမ္ဘာ့ကွန်ယက်ဆက်သွယ်မှုဆိုင်ရာ အဖွဲ့ (Web Development Committee)
၎-(စ - ၁) အသင်းကြီးအား အပြည်ပြည်ဆိုင်ရာမှ သိရှိစေရန် Internet မှတဆင့် ထိရောက်လျင်မြန်သော Webပိုင်းဆိုင်ရာနည်းပညာများဖြင့် ဦးစီး လုပ်ဆောင်ပေးရန်။
၎-(စ - ၂) အသင်းကြီး၏ [Mission, Vision, Goal] “လမ်းစဉ်၊ ရည်မှန်းချက်၊ ပန်းတိုင်” နှင့်အညီ လုပ်ဆောင်ချက်များအား အပြည်ပြည်ဆိုင်ရာမှ သိရှိကာ လေးစားအတုယူလာစေရန် ဆောင်ရွက် ရမည်။
၎-(စ - ၃) - ဘာသာ၊ သာသနာရေး နှင့် လူမူရေးဆိုင်ရာ ပညာပေးဓမ္မစာစောင်များ နှင့် ဆောင်းပါးများ၊ တရားတော်များကို Lotus Foundation Web Site မှတဆင့်ဖြန့်ဝေရေး။
- အသင်းကြီး၏ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများကို Web Site မှတဆင့် ကြော်ငြာကောက် ခံပေးရေး။
- အမှုဆောင်အဖွဲ့အသီးသီး၏ လိုအပ်ချက်၊ တောင်းဆိုမှုများကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောတူညီချက်ဖြင့် လက်တွဲလုပ်ဆောင်ပေးရန် တို့ဖြစ်သည်။
၎ (ဆ) စည်းရုံးရေးအဖွဲ့ (Public Relation Committee)
၎-(ဆ - ၁) စိတ်အားထက်သန်သော အသင်းဝင်သစ်များ တိုးပွားလာစေရေး၊ အသင်းကြီးအတွင်း သဘောတူညီ ဆုံးဖြတ်ထားသော လုပ်ငန်းများအတွက် လိုအပ်သည့် ရံပုံငွေ (အလှူငွေအပါအ၀င်) ရရှိရေး နှင့် အသင်းကြီှး ဖွံ့ ဖြိုးတိုးတက်လာစေရန် အသင်းကြီး၏ “လမ်းစဉ်၊ ရည်မှန်းချက်၊ ပန်းတိုင်” [Mission, Vision, Goal] တို့ ကို လက်ကိုင်ပြု၍ စည်းရုံးလှုံ့ဆော်ပေးရမည်။
၎-(ဆ - ၂) အသင်းဝင်များအချင်းချင်း အပြန်အလှန်နားလည်မှု နှင့် ရင်းနှီချစ်ခင်မှုများ ရရှိစေရန် လုပ် ဆောင်ပေးရမည်။
၎-(ဆ - ၃) ပန်းတိုင်တူအခြားအသင်းများနှင့်အခြေအနေ၊ အချိန်အခါအလျောက် ပူးတွဲလုပ်ဆောင်ရေး လုပ်ငန်းစဉ်များအား လုပ်ဆောင်ပေးရမည်။
၎-(ဆ - ၄) သတင်းနှင့်စာနယ်ဇင်းများ၊ ပြင်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရာတွင် စည်းရုံးရေးအဖွဲ့သည် အဓိကဆက်သွယ်ဆောင်ရွက်ရမည့်အဖွဲ့ ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အတူတကွ ဆောင်ရွက်ရန် လိုအပ်သည်။
၎-(ဇ) အသင်းကြီးဆိုင်ရာ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Organizational Development Committee)
အသင်းဝင်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ တတ်သိပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် တရားပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများနှင့်အလားတူ အစီအစဉ်များ စီစဉ်လုပ်ဆောင် ပေးသွားရမည်။
၎-(ဈ) ပြန်လည်သုံးသပ်စိစစ်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့ (Research & Development Committee)
- ဆောင်ရွက်ခဲ့ပြီးသောလုပ်ငန်းများ၏ ထိရောက်မှုများ အကျိုးသက်ရောက်မှုများကို ပြန်လည်စိစစ် သုံးသပ်တင်ပြခြင်း
- ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအတွက်အမှန်တကယ်လိုအပ်ချက်များကို ရှာဖွေစုဆောင်းတင်ပြခြင်း
- လိုအပ်ချက်များကို ကွင်းဆင်းလေ့လာရေးအတွက် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း
- အသင်းကြီး၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ပိုမိုကောင်းမွန်မည့် နည်းလမ်း များကိုတင်ပြခြင်းများ လုပ်ဆောင်ပေးသွားရမည်။
စည်းမျဉ်း-၅ (အပြုသဘောဆောင်သည့် မူဝါဒရေးရာ ထိန်းသိမ်းရေးဘုတ်အဖွဲ့) (Organisational Review Board) – O.R.B
၅ (က) ၎င်းအဖွဲ့အား အမှုဆောင်အဖွဲ့တစ်ခုစီမှ စိတ်အားထက်သန်တက်ကြွသော အဖွဲ့ဝင် (၂)ဦး စီဖြင့် ရွေးချယ်ဖွဲ့စည်းမည်ဖြစ်သည်။
၅ (ခ) ၎င်းအဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်များ၊ အသင်းကြီး၏ မူလချက်မှတ်ထားသော “လမ်းစဉ်၊ ရည်ရွယ်ချက်၊ ပန်းတိုင်” [Mission, Vision, Goal] များမှ သွေဖယ်တိမ်းစောင်းမသွားစေရန် အပြုသဘောဖြင့် ထိန်းသိမ်း စောင့်ရှောက်တည့်မတ် ပေးရမည်။
၅ (ဂ) အပြုသဘောဆောင်သည့် မူဝါဒရေးရာ ထိန်းသိမ်းရေးဘုတ်အဖွဲ့ မှ တင်ပြတောင်းဆိုမှုများကို ဗဟိုအလုပ်မှုဆောင်အဖွဲ့ မှ အသင်းကြီး၏ “လမ်းစဉ်၊ ရည်ရွယ်ချက်၊ ပန်းတိုင်” [Mission, Vision, Goal] နှင့် အညီ ပြန်လည် သုံးသပ်တင်ပြရမည်။
၅ (ဃ) စေ့စပ်ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်ပါက အသင်းကြီး၏ အထွေထွေ အစည်းအဝေး ဆင့်ခေါ်ကာ မဲစနစ်ဖြင့်ဆုံးဖြတ်ရမည်။ (မဲအရေအတွက် ၅၀% အထက် ရရှိမှသာ ဆက်လက် လုပ်ဆောင်ခွင့်ပြုမည်။)
စည်းမျဉ်း-၆ (အသင်းဝင်ဖြစ်ရန်လိုအပ်ချက်များ) (Requirements for the membership)
အသက် ၁၈ နှစ်ပြည့်ပြီးသည့် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်။ မိမိဆန္ဒ အလျှောက် “အသင်းဝင်ပုံစံ နှင့် ပူးတွဲပါကတိပြုလွှာ” တွဲဖက်ပုံစံ ၆(က)အား လက်မှတ်ရေးထိုးထားသူဖြစ်ရမည်။
“အသင်းဝင်ပုံစံ နှင့် ပူးတွဲပါကတိပြုလွှာ”၏ အသေးစိတ်အချက်အလက်များကို တွဲဖက်ပုံစံ ၆(က) တွင် ဖော်ပြထားပါသည်။
စည်းမျဉ်း-၇ (စိတ်အားထက်သန် တက်ကြွသော အသင်းဝင်အဖြစ် သတ်မှတ်ခြင်း) (Active member)
အောက်ဖော်ပြပါ အချက်အလက်များပေါ် မူတည်၍ စိတ်အားထက်သန်တက်ကြွသော အသင်းဝင်အဖြစ် ဆုံးဖြတ်မည်။
၇ (က) အသင်းဝင်ဖြစ်ပြီး အသင်းကြီးက ဆောင်ရွက်သောလုပ်ငန်းများတွင် တက်ကြွစွာဖြင့် အနည်းဆုံး ၇၅ % ပါဝင်ဆောင်ရွက်သူဖြစ်ရမည်။ ၇၅% သတ်မှတ်ရာတွင် သက်ဆိုင်ရာအဖွဲ့၏ အဖွဲ့ခေါင်းဆောင်မှ အတည်ပြုထောက်ခံရမည်။
၇(ခ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဦးဆောင်မှုအောက်တွင် တာဝန်ယူ လုပ်ဆောင်နေသော အဖွဲ့အသီးသီးမှ ပါဝင်ဆောင်ရွက်နေသော အဖွဲ့ဝင် ဖြစ်ရမည်။
၇(ဂ) အလုပ်အမှုဆောင်အစည်းအဝေးတွင် အနည်းဆုံး ၇၅% အထိ တက်ရောက်ပြီးသူများ ဖြစ်ရမည်။
စည်းမျဉ်း-၈ (ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုလွှာပေးအပ်ခြင်း)
၈ (က) ဤဂုဏ်ထူးဆောင်ဆုကို အသင်းကြီးအတွက် မိမိ၏တာဝန်ဝတ္တရားထက်ကျော်လွန်၍ စွမ်းစွမ်းတမံ လုပ်ဆောင်ပေးခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးအား ပေးအပ်ချီးမြှင့်သွားမည်။
၈ (ခ) နှစ်စဉ်ဆုရရှိမည့်သူအား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ နှင့် ORB အဖွဲ့ ဝင်များစုပေါင်း၍ မဲစနစ်ဖြင့် ရွေးချယ်ချီးမြှင့်သွားမည်။
စည်းမျဉ်း-၉ (ထူးချွန်ဆုချီးမြှင့်ခြင်း)
၉ (က) အသင်းကြီး၏ စီမံကိန်းလုပ်ငန်းများကို အောင်မြင်မှုရရှိစေရန် စွမ်းစွမ်းတမံပါဝင်၍ တာဝန်ထမ်းဆောင်ခဲ့သော အလုပ်အမှုဆောင် အသင်းဝင်တစ်ဦးအား ဤဆုကို ချီးမြှင့်ပေးအပ်သွားမည်။
၉ (ခ) ၎င်းဆုရရှိသူသည် နောင်တွင် စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ရာ၌ တာဝန်ကျေပွန်စွာ တာဝန်ထမ်းဆောင်ရန် အလားအလာရှိသည့် အသင်းဝင်တိုင်းအတွက် အတုယူနိုင်မည့် “စံနမူနာပြပုဂ္ဂိုလ်” ဖြစ်စေရမည်။
၉ (ဂ) နှစ်စဉ်ဆုရရှိမည့်သူအား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ နှင့် ORB အဖွဲ့ဝင်များစုပေါင်း၍ မဲစနစ်ဖြင့် ရွေးချယ်ချီးမြှင့်သွားမည်။
စည်းမျဉ်း-၁၀ ( အသင်းကြီး၏ စည်းမျဉ်းများကို ပြင်ဆင်ခြင်း)
၁၀ (က) အသင်းကြီး၏ “လမ်းစဉ်၊ ရည်မှန်းချက်၊ ပန်းတိုင်” [Mission, Vision, Goal] ကို မည်သည့်အကြောင်းနှင့်မှ ပြင်ဆင်ရေးဆွဲခြင်း မရှိစေရ။
၁၀ (ခ) အသင်းကြီး၏အခြေခံမူပါ ဖော်ပြပါ လမ်းစဉ်၊ ရည်မှန်းချက်၊ ပန်းတိုင်” [Mission, Vision, Goal] မှအပ အခြား စည်းမျဉ်းများကို လိုအပ်ချက်အရပြင်ဆင်လိုပါက အထွေထွေ အစည်းအဝေးဆင့်ခေါ်ကာ ၈၀% အထိ မဲရရှိပါက ပြင်ဆင်နိုင်သည်။
စည်းမျဉ်း-၁၁ (ဗဟိုအမှုဆောင်အဖွဲ့ဝင်များ သက်တမ်းမပြည့်မီ နှုတ်ထွက်ခြင်း နှင့် အစားထိုးခြင်း)
၁၁ (က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် အသင်းကြီး၏ လက်ရှိတာဝန်ယူ လုပ်ဆောင်နေသော အခန်းကဏ္ဍအသီးသီးမှ မိမိဆန္ဒအလျောက် အပြီးအပိုင် နှုတ်ထွက်ရန်ဆန္ဒရှိပါက အနည်းဆုံးတစ်လ ကြိုတင်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပုံမှန်အစည်းအဝေး၌ ဆန္ဒပြုတင်ပြရမည်။
၁၁ (ခ) လစ်လပ်သွားသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နေရာနှင့် (ORB) အဖွဲ့ဝင်နေရာ အပြောင်းအလဲများကို သက်ဆိုင်ရာ အမှုဆောင်အဖွဲ့မှ တာဝန်ယူ ရွေးချယ်ပေးရမည်။
၁၁ (ဂ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ နှုတ်ထွက်ရန် ဆန္ဒပြုသော အဖွဲ့ဝင်သည် အသစ်ရွေးချယ်ခံအပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်သစ်အား လုပ်ငန်းပိုင်းဆိုင်ရာ လွဲပြောင်းမှုများကို ပြီးဆုံးသည့်တိုင်အောင် တာဝန်ယူလုပ်ဆောင်ရမည်။ စည်းမျဉ်း-၁၂ အသင်းဝင်များနှင့် အမှုဆောင်ဝင်များအား အရေးယူခြင်း နှင့် ထုတ်ပယ်ခြင်း။
အသင်း၏ ကတိသစ္စာပြုလွှာပါ စည်းကမ်းများကို ဖောက်ဖျက်ပါက အလိုအလျောက် အသင်းဝင်အဖြစ်မှ၎င်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်မှ၎င်း ရပ်စဲခြင်းခံရမည် ဖြစ်သည်။




