Lotus Foundation

  • Increase font size
  • Default font size
  • Decrease font size

အသင်းကြီး၏ခံယူချက်

အသင်းကြီး၏ အမည်ပညတ်နှင့် ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်

ရတနာမြတ်သုံးပါးဖြင့် တည်ဆောက်အပ်သော လောကကို ညွှန်းဆိုလို၍ “ဗုဒ္ဓ ဓမ္မ သံဃ လောက အသင်းကြီး” ဟု သမုတ်အပ်ပါသည်။ ဤဘဒ္ဒကမ္ဘာကြီးတွင် ဘုရားငါးဆူ ပွင့်တော်မူမည့် ကြာပန်းငါးပွင့် ပွင့်ပေါ်လာခြင်းတည်းဟူသော နိမိတ်ပုံဆောင် “ကြာပန်း” ကို ညွှန်းဆိုလို၍ လည်းကောင်း၊ “ကြာပန်း” သည် သူတော်ကောင်း ပညာရှိ လူလိမ္မာတို့ကို ညွှန်းဆိုရာ ဗုဒ္ဓဘာသာ သင်္ကေတဖြစ်၍ လည်းကောင်း၊ “ကြာပန်းး”သည် ရွှံ့ညွန်တွင်ပေါက်ဖွား ရသော်ငြားလည်း ဖူးပွင့်လာသည့်အခါ ရွှံ့နွံအညစ်အကြေးဟူ၍ မြူမျှပင်မကပ်ငြိ မလိမ်းကျံ မရောယှက်ဘဲ ကန်ကိုတန်ဆာ ဆင်ခြင်းငှါ တလှတပ ဖူးပွင့်လာဘိသကဲ့သို့ပင် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ အရိယာအစရှိသည့် သူတော်ကောင်းတို့သည်လည်း ကိလေသာ အညစ်အကြေးမြူမှုံမျှ မကပ်ငြိ မလိမ်းကျံ မရောယှက်ဘဲ လောကအကျိုးကို ဆောင်သွားခဲ့သည် ချည်းသာဖြစ်သည့် ဗုဒ္ဓယဉ်ကျေးမှုလာ အနက်အဓိပ္ပါယ်ကို ညွှန်းဆိုလို၍လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားရှင်၏ ခြေတော်ရင်း၌ ကြာပန်းများ ကပ်လှူပူဇော်၍ ဘုရားဖြစ်ရန် ဗျာဒိတ်တော်ခံယူခဲ့သည့် ဗုဒ္ဓဖြစ်ရာ သင်္ကေတ သမ္မာပန်းပွင့်ကို ဦးခိုက်ပူဇော်လို၍ လည်းကောင်း “LOTUS FOUNDATION” ဟု နာမသညာ ပြုအပ်ပါသည်။


အသင်းကြီး၏ အမှတ်တံဆိပ် နှင့် ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်

ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူမည့် ဗုဒ္ဓမြတ်စွာငါးဆူ၏ နိမိတ်ပန်းဖြင့် ကြာပန်းငါးဆူ ပွင့်တော်မူခဲ့သည်ကိုလည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကြာပန်းများ ဆက်ကပ်လှူဒါန်း၍ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်တော်မူရာ ဗျာဒိတ်တော် ယူတော်မူခဲ့ဖူးသည်ကို
လည်းကောင်း၊ ဗုဒ္ဓဒေသနာ ယဉ်ကျေးမှု အစဉ်အလာအရ ကြာပန်းသည် သူတော်ကောင်း၊ ပညာရှိ၊ လူလိမ္မာတို့ကို ညွှန်းဆိုတော်မူရာ ဘာသာရေး သင်္ကေတဖြစ်ခြင်းကိုလည်းကောင်း ရည်ညွှန်းလို၍ အသင်းကြီး၏ အမှတ်တံဆိပ်တော်၌ ကြာပန်းသင်္ကေတကို ခပ်နှိပ်ထားပါသည်။

ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးတို့ဖြင့် တည်ဆောက်အပ်သော လောကကို ညွှန်းဆိုလို၍ တံဆိပ်တော်၏ ဗဟိုတွင် ဓမ္မစက်ဝိုင်းဒေသနာကို ခပ်နှိပ်၍လည်းကောင်း၊ ဓမ္မစက်ဝိုင်း၏အပေါ်တွင် “ဗုဒ္ဓ ဓမ္မ သံဃံ လောက” ဟူသော စာတန်းကို ရေးထိုးထားခြင်း ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ နားလည်သော ဘာသာစကားဖြင့် သိသာထင်ရှားနိုင်စေရန် အလို့ငှါ အသင်းကြီး၏ နိုင်ငံတကာ သုံးအမည်နာမဖြစ်သည့် “LOTUS FOUNDATION (Universal Name)” ကို အဝိုင်းသဘောဖြင့် ဝန်းရံခပ်နှိပ်ထားခြင်းဖြစ်ပါသည်။ အသင်းကြီး၏ အမည်နာမနှင့် ပတ်သက်သည့် ထူးခြားချက်မှာ ဒွိစုံနှစ်မည်ရ အမည်ဖြစ်နေခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာမြန်မာတို့အဖို့ “ဗုဒ္ဓ ဓမ္မ သံဃံ လောက” ဟု သိအပ်ပြီး အပြည်ပြည်ဆိုင်ရာ သူတော်ကောင်းတို့အနေဖြင့် “LOTUS FOUNDATION” ဟု သိစေ အပ်ပါသည်။


အသင်းကြီး၏ဆောင်ပုဒ် (Motto)

“ ကြည်လင်သောစိတ်ထားဖြင့် သာသနာတော်ကို စောင့်ရှောက်ပါအံ့။”

“ ညီညာသောလက်များဖြင့် လောကကို အလှဆင်ပါအံ့။”

“မြတ်ဗုဒ္ဓ၏လမ်းစဉ်ဖြင့် ဒုက္ခအပေါင်းမှ ကင်းလွတ်စေပါအံ့။”


အသင်းကြီး၏ခံယူချက်

LOTUS FOUNDATION သည် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ လက်အောက်ခံအဖွဲ့၊ မည်သည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး အဖွဲ့အစည်းများ၏ သြဇာအာဏာ သက်ရောက်ခြင်းမျိုး လုံးဝမရှိစေဘဲ LOTUS FOUNDATION ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တစ်ခုတည်း၏ သီးခြားလွတ်လပ်သော ဦးဆောင်လမ်းညွန်မှု အောက်တွင်သာ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးစုတို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်လာစေမည့် လူမှု့အကျိုးပြု လုပ်ငန်းများကိုသာ လုပ်ဆောင်ရန် ဖွဲစည်းတည်ထောင် ထားပါသည်။